မြို့နယ် ၁၉ ခုမှ ကိုယ်စားလှယ်များဖြင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမားကွန်ရက် (ယာယီ) မန္တလေးဖွဲ့စည်း
by Sai Htun
Today View - Myanmar Breaking News - BloggerToday, 08:36
မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ရက် (ယာယီ) မန္တလေးတိုင်းဒေသကြီးကို တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၉ မြို့နယ်မှ ကိုယ်စားလှယ် ၁၉ ဦးနှင့် မတ်လ ၆ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ယင်းကွန်ရက် ဖွဲ့စည်းသည့် အခမ်းအနားအရ သိရှိရသည်။ တောင်သူလယ်သမားရေးရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား ကွန်ရက်ကို ယာယီဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ယင်းကွန်ရက်ကို မတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မန္တလေးမြို့ Hotel Mandalay တွင်ပြုလုပ်သော တောင်သူ လယ်သမားဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (Land Issue Forum) ၌ တက်ရောက်လာသည့် မြို့နယ် ၁၉ မြို့နယ်မှ တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသော ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သူတစ်ဦးက ပြောကြားသည်။ တောင်သူ လယ်သမားအရေးကို ဆောင်ရွက်ရာတွင် အဓိကလုပ်ငန်း ငါးခုရှိပြီး တောင်သူများ၏ သိမ်းဆည်းခံ လယ်ယာမြေများကိစ္စ၊ စိုက်ပျိုးစရိတ်ချေးငွေ လုံလုံလောက်လောက် မရသည့်ကိစ္စ၊ စိုက်ပျိုးသည့်အခါ ဆည်ရေ လုံလောက်စွာ အချိန်မီမရသည့် ကိစ္စ၊ ဈေးကွက်နှင့် ဈေးနှုန်းအလေးချိန်ခွင် မှန်စွာမရသည့်ကိစ္စနှင့် နည်းပညာမျိုးကောင်း မျိုးသန့်များ ရရှိရေးကိစ္စ စသည့်ကိစ္စများကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မကွေးမြို့ မြစ်ကွေ့ ဧရာဝတီအဖွဲ့မှ တာဝန်ရှိသူ ဦးအောင်ကျော်ကျော်က ရှင်းပြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူကွန်ရက် (ယာယီ) ကို၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်က ဖွဲ့စည်းပြီး ဖြစ်သကဲ့သို့ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင်လည်း ဖွဲ့စည်းပြီးကြောင်း ပွဲစီစဉ်သည့် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တောင်သူလယ်သမားကွန်ရက် အနေနှင့် တောင်သူလယ်သမား အရေးကို ထိရောက်စွာ ကူညီဖြေရှင်း ပေးနိုင်သော အဖွဲ့အစည်းဖြစ်ရန် အရေးကြီးကြောင်း တောင်သူလယ်သမားဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်လာသော မိတ္ထီလာမြို့နယ် တောင်သူတစ်ဦးက ပြောကြားသည်။ ဒေသအသီးသီးရှိ လယ်သမားများ၏ စီးပွားရေး၊ လူမှုရေးဘဝများ အာမခံချက် ရှိစေရန်နှင့် ယင်းလယ်ယာမြေ ဥပဒေများကို လွတ်လပ်သည့် လယ်သမားသမဂ္ဂများ လယ်သမား အဖွဲ့အစည်းများနှင့် လယ်သမား ကိုယ်စားလှယ်များ ကိုယ်တိုင် ပါဝင်၍ ပြုပြင်ပြောင်းလဲ သွားနိုင်ရန် လိုအပ်ကြောင်း ယင်းတွေ့ဆုံပွဲသို့ ပေးပို့သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။ မန္တလေးမြို့တော်၌ ကျင်းပသော အဆိုပါ တောင်သူလယ်သမား တွေ့ဆုံပွဲသို့ မန္တလေး၊ မတ္တရာ၊ ပုသိမ်ကြီး၊ စဥ့်ကူး၊ သပိတ် ကျင်း၊ မိုးကုတ်၊ စဥ့်ကိုင်၊ တံတားဦး၊ ငါန်းဇွန်၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ ကျောက် ပန်းတောင်း၊ နွားထိုးကြီးနှင့် လယ်ဝေးမြို့နယ်တို့မှ အရပ်ဘက် အဖွဲ့အစည်းများ၊ တောင်သူ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment