သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်များ စတင်လျှောက်ထားနိုင်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင်သာ မဏ္ဍပ်အကြီးများ ခွင့်ပြုနိုင်ဖွယ်ရှိ
by aungkyawmoe
Eleven Daily NewsYesterday, 04:08
ယခင်နှစ် သင်္ကြန်ကာလတွင် ကန်တော်ကြီးပတ်လမ်းရှိ မဏ္ဍပ်ကြီးတစ်ခုအား တွေ့ရစဉ်
ရန်ကုန်သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့်များကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် စတင်လျှောက်ထားနိုင်ပြီး ယခင်နှစ်ကဲ့သို့ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးကန်ပတ်လမ်းတို့တွင်သာ ရေကစားမဏ္ဍပ်ကြီးများ ခွင့်ပြုနိုင်ဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်သင်္ကြန်အတွက် ကဏ္ဍပေါင်းစုံမှ အကြိုညှိနှိုင်းအစည်းအဝေးကို မတ်လဆန်းပိုင်းတွင် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ရေကစားမဏ္ဍပ် တည်ဆောက်လိုသူများ စတင်လျှောက်ထားနိုင်သော်လည်း မဏ္ဍပ်နေရာများ ချထားပေးမည့်စာရင်းများမှာမူ အတိအကျ မထွက်ရှိသေးကြောင်း သိရသည်။ ထို့အတွက် ရေကစားမဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ပေးမည့် နေရာများမှာ ယခင်နှစ်ကဲ့သို့ပင် အင်းလျားလမ်း မပါဝင်ဘဲ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းတို့သာ ဖြစ်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ရန်ကုန်သင်္ကြန်တွင် နှစ်စဉ် ရေကစားမဏ္ဍပ်များဖြင့် စည်ကားခဲ့သည့် အင်းလျားလမ်းတွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှစတင်၍ မဏ္ဍပ်ဆောက်လုပ်ခွင့် မပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ မဏ္ဍပ်နေရာချထားပေးမည့် လမ်းစာရင်းများ ထွက်ရှိလာပါက ရေကစားမဏ္ဍပ် များလိုက်နာရမည့် စည်းကမ်းချက်များလည်း ထွက်ရှိလာမည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် သင်္ကြန်က ရန်ကုန်မြို့၌ ပေ ၁၀၀ နှင့်အထက် ရေကစားမဏ္ဍပ်ကြီး ၄၅ ခု ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားကဏ္ဍပ် ၁၅ ခု ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် ရေကစားကဏ္ဍပ် ကိုးခု နှင့် ပြည်လမ်းပေါ်တွင် သုံးခုရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားမှု ဆိုးရွားခြင်း မရှိခဲ့သော်လည်း ရေကစားမဏ္ဍပ်ကြီးများ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ ကောက်ခံခဲ့မှုများရှိခဲ့ပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းရှိမဏ္ဍပ်များ အများဆုံးဖြစ်ခဲ့ကာ အချို့မဏ္ဍပ်များ မှာ ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ အထိ ပေးဆောင်ခဲ့ရမှုများပင် ရှိခဲ့ပြီး ယင်းသို့ စည်းကမ်းဖောက်ဖျက်မှု များပြားသည့်မဏ္ဍပ်များကို ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ချထားပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယခင်နှစ်သင်္ကြန်က မဏ္ဍပ်အကြီးတစ်လုံးလျှင် အာမခံစပေါ်ငွေ ကျပ် ၇၅ သိန်း ပေးသွင်းခဲ့ရပြီး ယခုနှစ်တွင်လည်း ယင်းနှုန်းထားအတိုင်းသာ ဖြစ်နိုင်ခြေ များပြားသည်ဟုလည်း သိရသည်။
Local
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment