Wednesday, March 5, 2014

NLDအမြင်ဗိုလ်ချုပ်မှူးကြီးစောမောင်

ဗိုလ်ချုပ်မှူးကြီး စောမောင်၏ NLD အပေါ်သဘောထားနှင့် မီဒီယာတို့၏ပြန်လည်သုံးသပ်ချက်
by Sai Htun
Today View - Myanmar Breaking News - BloggerToday, 13:30

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် နိုင်ငံတော်အာဏာကို တပ်မတော်မှ လွှဲပြောင်းရယူခဲ့ပြီး လပေါင်း ၁၅ လ အကြာတွင် ပြုလုပ်ပေးခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို နဝတအဖွဲ့က မမျှော်လင့်ထား ခဲ့သလို နုရင်ဘတ်လို နိုင်ငံတကာ စစ်ခုံရုံးကိစ္စ အသုံးအနှုန်း ဝေါဟာရများကလည်း ပြည်ပသတင်းထောက်တစ်ဦး က အစဆွဲပေးခဲ့ခြင်းလည်း ဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး ကြည်မောင်အား Asia Week မဂ္ဂဇင်းသတင်းထောက် ဒေါမနစ်ဖော်လာ Dominique Fauler က ''ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်၍ အစိုးရသစ်ဖွဲ့စည်းပြီးလျှင် မြန်မာ့တပ်မတော်မှ စစ် ခေါင်းဆောင်အချို့အား တရားရုံးတင် ပြီးစစ်ဆေးအပြစ်ပေးဖို့ အစီအစဉ်ရှိပါသလား''ဟု မေးမြန်းခဲ့ရာ ဦးကြည်မောင် က ''မြန်မာနိုင်ငံမှာ နုရင်ဘတ်ခုံရုံးလို ရုံးတင်စစ်ဆေးဖို့ အစီအစဉ်မရှိပါဘူး'' ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဗိုလ်မှူး ဟောင်း အောင်လင်းထွဋ်၏ ဗွီအိုအေ အင်တာဗျူးတွင် ပြောကြားခဲ့သော်လည်း ထိုစဉ်က စစ်ခေါင်းဆောင်များမှ NLD ဘက်က သူတို့ကို နုရင်ဘတ် ခုံရုံးကဲ့သို့ ရုံးတင်စစ်ဆေးဖို့ အစီအစဉ်ရှိသည်ဟုသာ တစ်ထစ်ချမှတ်ယူခဲ့သည်''ဟူ၍ လည်း ထင်မြင်ထားသည်ဟု ဆိုသည်။ သူတို့၏ ထင်မြင်ယူဆချက်ကိုလည်း အပြစ်ဆို၍မရ။ ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၄၈၅ နေရာအတွက် ၉၃ ပါတီမှ အမတ်လောင်း ၂၃၈ဝ ပါဝင် အရွေးချယ်ခံခဲ့သည်။ မဲဆန္ဒရှင်ပေါင်း ၁၅ ဒသမ ၁ သန်းက မဲပေးသည်။ မဲပေးသူ အရေအတွက်မှာ မဲပေးနိုင်သူ ဦးရေ၏ ၇၂ ရာခိုင်နှုန်းရှိခဲ့သည်။ မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာရှိသော်လည်း လုံခြုံရေးအရ ၇ နေရာချန်လှပ်ထားခဲ့ခြင်းလည်း ဖြစ် သည်။ အမတ်လောင်း ၂၃၈ဝ အနက် သုံးပုံတစ်ပုံမှာ အစိုးရဝန်ထမ်းဟောင်းများ ဖြစ်ပြီးကျန် ၂၃ ရာခိုင်နှုန်းမှာ ဆရာဝန် သို့မဟုတ် ရှေ့နေများဖြစ်ကာ ကျန် ၄ဝ ရာခိုင်နှုန်းက အရပ်သားများ ဖြစ်သည်။ NLD က အမတ်လောင်း ၄၇၇ ဦး ဝင် ရောက်ယှဉ်ပြိုင်ရာ ၃၉၂ ဦး ရွေးချယ်ခံ ရသည်။ ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၇ ရာခိုင်နှုန်း အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ်စက်တင်ဘာလ ၆ ရက်မှာတော့ NLD ပါတီမှ ဦးကြည်မောင်နှင့် ဦးချစ်ခိုင်တို့ကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးလိုက်သည်။ NLD ပါတီ၏ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဦးကြည်မောင်က လက်ရှိနဝတစစ်ခေါင်းဆောင် များအား နုရင်ဘတ်ကဲ့သို့သော စစ်ခုံရုံးသို့ တင်ရမည်ဟု ပြောဆိုခဲ့ခြင်း ကြောင့်ဟုလည်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင် အလွန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဒုတိယအကြိမ် ပြန်လည်ကျင်းပသည့် ရွေးကောက်ပွဲ မတိုင်မီ ၂ဝ၁ဝ ပြည့်နှစ်မှာတော့ VOA မှ ဦးရော်နီညိမ်းနှင့် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်တို့၏ အင်တာဗျူး အစီအစဉ်တွင် ၉ဝ ရွေးကောက်ပွဲရလဒ် က ဗိုလ်ချုပ်မှူးကြီးစောမောင်အတွက် ဖိအားများစွာ သက်ရောက်မှုရှိခဲ့ကြောင်း ကို ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်က ''ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင်ကလည်း ခုနက ကိုရော်နီ ပြောသလို ပြောထားပြီးသား၊ တကယ်လည်း သူက လွှဲပေးမယ်ဖြစ်လာတဲ့အခါ သူ pressure အများကြီးမိပါတယ်။ အပြင်က NLD ရဲ့ pressure တင်မဟုတ်ဘူးဗျ။ အထဲက လုပ်ဖော်ကိုင်ဖက်တွေရဲ့ pressure လည်း များပါတယ်။ အထူးသဖြင့်တော့ နဝတအဖွဲ့မှာ ဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ aggressive ပုဂ္ဂိုလ်တွေချည်းပဲလေ။ အဲ ဒီလူတွေက အဲဒီမှာ ''ဘာလို့ အာဏာလွှဲပေးရမှာလဲ'' ဆိုတဲ့ အတွေးအခေါ် မျိုး တော်တော်များများမှာ ဝင်ပါတယ်။ ဒီလူတွေကို ပြန်ကြည့်ရင်လည်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ'' ဟု ပြောကြားခဲ့သည်။ ထိုစဉ်က NLD သို့ အာဏာလွှဲရန် အကျပ်အတည်း ပေါ်ပေါက်ခဲ့ပုံကိုလည်း ''တပ်မှူးတပ်သားပြောစကား'' ကဏ္ဍမှာပင် ယခုလို တွေ့ရပါသေးသည်။ ''အဲဒီအချိန်က ယခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဗိုလ်မှူးကြီး ကြည်မောင်တို့ရဲ့ နုရင်ဘတ်ခုံရုံးတို့၊ ဘာတို့ ဒါတွေက ဖြစ်လာတဲ့အချိန်အခါမှာ 'သူတို့ အာဏာတောင် မရသေးဘူး။ အခု ကတည်းကလာပြီးတော့ ဘာမို့လို့လဲကွ' ဆိုပြီးဖြစ်ကြတာကိုး''ဟုလည်း ဖော်ပြထားသည်။ သည့်နောက်ပိုင်းမှာတော့ NLD နှင့် နဝတတို့၏ ဆက်ဆံရေးက ပိုမိုတင်းမာလာခဲ့လေသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးမည်ဟု မြန်မာသံအမတ်တစ်ဦးက ပြောခဲ့သော်လည်း ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ဗိုလ်ချုပ်မှူးကြီး စောမောင်က ရေဒီယိုမိန့်ခွန်း၌ ''နိုင်ငံခြားသားတစ် ယောက်နှင့် လက်ထပ်ထားသူတစ်ဦးအား နိုင်ငံကိုဦးဆောင်ရန် ဘယ်တော့မှ ခွင့်မပြုနိုင်'' ဟု ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ကတိပျက်လေပြီဟု လူထုက ဆိုကြသည်။ ရွေးကောက်ပွဲမလုပ်မီ ၁၉၈၈ ခုနှစ် ဒီ ဇင်ဘာ ၂၇ ရက်က ဒေါ်အောင်ဆန်းစု ကြည်၏ မိခင်ကြီး ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်ကွယ်လွန်ခဲ့သည်။ သည်အချိန်က ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အပြင် ''၅ ဦးထက်ပိုမစုရ'' ဆိုသော အမိန့်ကလည်း ရှိနေချိန်ဖြစ် သော်လည်း ဒေါ်ခင်ကြည်၏ ဈာပနကို လူထုပရိသတ် သောင်းချီ၍လိုက်ပါပို့ ဆောင်ခဲ့ကြသည်။ ထိုအချိန်ကဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီး ပြောဆိုခဲ့သည်များကို ၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်မှူးကြီးစောမောင်က ''ကျွန်တော့်ကို ပြောခွင့်ပြုပါ။ကျွန်တော်အာဃာတနဲ့ ပြောတာမဟုတ်ပါဘူးဆိုတာ အစော ကြီးကတည်းကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျွန်တော် ပြောတယ်။ မှန်ပါတယ်။ သူ ဒေါ်ခင်ကြည်ဆုံးတုန်းက ''အန်ကယ်ရယ် မကြိုက်ရင် မကြိုက်ဘူး ပြောပါ။ သူ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မကြိုက်ရင် မကြိုက်ဘူးလို့ ပြောပါ။ အဲဒါဆိုရင် ကျွန်တော်အခု ပြောပါ့မယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒါမလုပ်ပါနဲ့။ (ထိပ်တိုက်ရင်ဆိုင်မှုကိုဆိုလိုပါသည်။)'' ဟု ပြောကြားခဲ့သည်။ သည်နေရာတွင် ရွေးကောက်ပွဲ ပြီးလို့ လူထုက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များနှင့် အစိုးရ ဖွဲ့ပြီးလျှင်စစ်တန်းလျားပြန်မည်ဟုပြော ဆိုခဲ့သော ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ကတိစကားသည် တကယ်လား အဟုတ်လားဆိုသည်ကို ပြည်သူတွေ ဆန်းစစ်လာသည်။ ကတိပျက်ရသည့်အကြောင်း က ဘာတွေလဲဆိုသည်ကို ဝေဖန်ဆန်းစစ်ကြရမည် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ရုတ်တရက်ဆိုသလို အာဏာရရှိခဲ့သူဖြစ်၍ သူ့မှာ အာဏာတည်ဆောက်ချိန်မရ။ စိတ်ကြိုက်လူရွေးချယ်ခွင့် မရှိဟုလည်း ဆိုကြသည်။ သည်အရေးနှင့် ပတ်သက် ၍ ဦးအောင်လင်းထွဋ်က- ''ရွေးကောက်ပွဲ နောက်ပိုင်းပြီးကတည်းကိုက တပ်ထဲမှာ ဒီဗိုလ်ချုပ်ကြီး စောမောင်ရဲ့ သြဇာအာဏာကျသွားပါတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကိုရံ တဲ့ ဗိုလ်ချုပ်တွေ တစ်ယောက်မှ မရှိဘူး။ ဗိုလ်ချုပ်ကြီးစောမောင်က ရုတ်တရက်ကောက်ပြီး အာဏာ ယူလိုက်တဲ့ အခါကျတော့ အာဏာတည်ဆောက်နိုင်တဲ့ အချိန်ကိုမရဘူး။ တကယ်တော့ လက်ရှိ ရှိတဲ့လူတွေကို ဖြုတ်ပစ် ရမှာဗျ။ ဖြုတ်ပြီး တော့မှ အာဏာတည်ဆောက်လို့ရမယ်။ ဖြုတ်နိုင်တဲ့ အနေအထား သူ့မှာမရှိဘူး။ သူကိုယ်တိုင် အဖြုတ်ခံလိုက်ရ တဲ့ သဘောပါပဲ'' ဟု ပြောကြားခဲ့သည်။ သို့နှင့် ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာတော့ နဝတ၏ ကြေညာချက် အမှတ်-၈/၉၂ဖြင့် နဝတ ဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီးစောမောင်အား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု ကြေညာ ချက်ထွက်လာခြင်းနှင့်အတူ သူ့ထံသို့ မမျှော်လင့်ဘဲ ရောက်လာသောအာဏာ များသည် ရုတ်တရက် ပြန်လည်ရုပ်သိမ်း ခံလိုက်ရပါတော့သည်။ သူနှင့်အတူ သူလုပ်ပေးခဲ့သော ၁၉၉ဝ ပြည့်နှစ် လွတ်လပ်၍တရားမျှ တသော၊ ရွေးကောက်ပွဲကြီး၏ ရလဒ်ဖြစ်သော ပြည်သူတို့၏ မျှော်လင့်ချက်သည်လည်း ပျက်သုဉ်းပျောက်ကွယ်ခဲ့ရလေ တော့သည်။ 'ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်..'၊ 'သမုဒ္ဒရာရေ ထက် ခဏတက်သည့် ရေပွက်ပမာတစ်သက်လျာတည့်' စသည့် စကားပုံများ၊ မျက်ဖြေလင်္ကာများမှာကဲ့သို့ပင် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် နိုင်ငံ ၏ အထွတ်အထိပ်ဆိုသော တာဝန်ကို လည်း ထမ်းဆောင်ခဲ့ရသည်။ ကြာရှည် ကြာမြင့်တော့ မဟုတ်ပါ။ ဗိုလ်ချုပ်မှူးကြီး စောမောင်သာ အာဏာလက်ရှိ တည်မြဲခဲ့ပြီး သူ ဦး ဆောင်လုပ်ကိုင်ပေးခဲ့သော ၉ဝ ပြည့် နှစ် ရွေးကောက်ပွဲကို သူ မည်သို့ဆက် လက်ဆောင်ရွက်သွားမည်ကို ကျွန်ုပ်တို့ မသိမမြင်လိုက်ကြရ။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် နေ့တွင် သူချစ်သောမိသားစုကို ထားရစ်ကာ ကွယ်လွန်ခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၏ လုပ်ဆောင်ချက် အမှားအမှန်ကို သမိုင်းက သာ ဆုံးဖြတ်ဖို့ရှိပါသည်။
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment