ကျား-မ တန်းတူရေးအတွက် တိုင်းရင်းမီဒီယာညီလာခံတိုက်တွန်း
by bniwebmaster@yahoo.com (ကေအိုင်စီ)
သတင်း - BNI OnlineToday, 14:33
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကြိုးပမ်းမှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသမီးများ ပူးပေါင်း ပါဝင်လာမှု တိုးမြှင့်လာစေရေးအတွက် သတင်းမီဒီယာများ ပိုမိုပါဝင်ရန် အရေးကြီးကြောင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် ယနေ့ သဘောထားထုတ်ပြန် လိုက်သည်။
လွတ်လပ်သော သတင်းမီဒီယာအဖွဲ့ ၁၂ဖွဲ့ ပါဝင်သည့် နိုင်ငံတကာ မြန်မာ့သတင်း(BNI)မှ ဦးဆောင်၍ ၂၀၁၄ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ၎င်းတိုင်းရင်းမီဒီယာညီလာခံအပြီးတွင် သဘောထားထုတ်ပြန်ကာ ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
BNI ၏ Development officer နန်းဖော့ဂေက “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ရန် အရေးကြီးတဲ့ပြင် လက်ရှိဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲ တွေကြောင့် ထိခိုက်ခံစားနေရသည့် အမျိုးသမီးတွေရဲ့အသံတွေ ထွက်ပေါ်လာဖို့ သတင်းမီဒီယာများမှတဆင့် ရေးသားဖော်ပြပေးဖို့ အရေးကြီးတယ်”ဟု ပြောသည်။
ထိုညီလာခံတွင် တိုင်းရင်းသားမီဒီယာဖွံ့တိုးတက်ရေးအပြင် သတင်းမီဒီယာလုပ်ငန်းများတွင် ကျား-မ တန်းတူမှုရှိရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာများကို အလေးအနက်ထားပြီး ကျင့်ဝတ် သိက္ခာကို တန်ဖိုးထားသော မီဒီယာများ ပေါ်ပေါက်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
ညီလာခံ တက်ရောက်ခဲ့သူ မြစ်ကြီးနားသတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ကိုဘရမ်မိုင်က အမျိုးသမီး များသည် မိမိတို့လူမှုအဖွဲ့အစည်းအတွင်း ဦးဆောင်ဦးရွက်လုပ်ရသည့်နေရာတွင် စွမ်းဆောင်ရည်ပိုရှိသလို အမျိုးသားများထက် လုပ်ရဲကိုင်ရဲရှိသည်ကို တွေ့ရပြီး မီဒီယာလုပ်ငန်းတွင် အမျိုးသမီးများ ပိုမိုပါဝင်လာ အောင် အမျိုးသားအနေဖြင့် လက်တွဲခေါ်ရန် လိုအပ်ကြောင်း ကေအိုင်စီကို ပြောသည်။
“မီဒီယာလုပ်ငန်းမှာ အမျိုးသမီးရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေ ဟာ ဦးဆောင်ဦးရွက်လုပ် ရတဲ့နေရာမှာ ပိုတော်တာကို တွေ့ရတယ်။ ဥပမာပြောရင် ဒေါ်စုပေါ့ ထက်တယ်၊ သွက်တယ်။ တွေးခေါ်မှုအပိုင်းမှာလည်း တော်တယ်။ ပြီးတော့ လုပ်ရဲကိုင်ရဲတဲ့ နေရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးလုပ်နိုင်တယ်။ အမြင်မှာ အားနည်တယ်လို့ ထင်ရပေမယ့် အဲဒီ အားနည်းတာဟာ သူတို့အတွက် အားကောင်းစေတာကို မြင်ရတယ်”ဟု ကိုဘရမ်မိုင်က ပြောဆိုသည်။
ကျား-မ တန်းတူမှုဆိုင်ရာ (Gender Equality) မူဝါဒပြဌာန်းနိုင်ရေးအတွက် မီဒီယာလောကတွင် အသံ ပေါင်းစုံပါဝင်နိုင်ရန်အရေးကြီးသလို သတင်းခန်း(News rooms)များတွင် အမျိုးသမီးများ ပါဝင်ဆုံးဖြတ်ချက် ချနိုင်ရန် လိုအပ်ကြောင်း ထိုညီလာခံတွင် တက်ရောက်လာသည့် အမျိုးသမီးဆိုင်ရာနှင့် သတင်းမီဒီယာ များကို ဦးဆောင်နေသူ အမျိုးသမီးပညာရှင်များက အကြံပြုခဲ့ကြသည်။
ယခု တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းမီဒီယာတွင် တိုင်းရင်းသား နိုင်ငံရေးသမားများ၊ လူမှုအခြေပြုအဖွဲ့(၂၇)ဖွဲ့နှင့် တိုင်းရင်းသားနှင့် ပင်မမီဒီယာအဖွဲ့ (၄၁)ဖွဲ့မှ ကိုယ်စားလှယ် စုစုပေါင်း (၂၅၀)ခန့် တက်ရောက်ခဲ့ကြသည်။
Show commentsOpen link

posted from Bloggeroid
No comments:
Post a Comment