Saturday, March 8, 2014

လယ်ယာ

လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးနှင့် လက်တွေ့ကျသော အကူအညီ
by Sai Htun
Today View - Myanmar Breaking News - BloggerToday, 08:40
လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေသော မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးမှာ တစ်နည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးရေးပင် ဖြစ်သည်။ သို့ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးမှာ မည်သည့် အခြေအနေတွင် ရှိနေပါသနည်း။ အများစုသော တောင်သူလယ်သမား များမှာ ကမ္ဘာပေါ်တွင် ၁၈ ရာစုခန့် အထိသာ အသုံးပြုခဲ့သော သမားရိုးကျ ထွန်ယက် စိုက်ပျိုးနည်း စနစ်ဖြင့် ရုန်းကန်နေရဆဲ ဖြစ်သည်။ ကြီးမားလှသော စိုက်ပျိုးစရိတ်နှင့် မကာမိသော ချေးငွေ၊ လယ်ယာသုံး ကိရိယာပစ္စည်းများ ထောက်ပံ့ရေး အားနည်းချက်၊ နည်းပညာ ချို့တဲ့မှု၊ ပြည်ပသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင်ခြင်းကြောင့် လယ်ယာလုပ်သား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများ အပြင် မြေသိမ်း၊ ယာသိမ်း ပြဿနာများဖြင့် နပန်းလုံး နေကြရသည်။ ထိုသို့သော အခြေအနေများ ကြုံတွေ့နေရ သောကြောင့် အစိုးရအနေနှင့် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ ကျေးလက်နေ တောင်သူလယ်သမား များ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး တို့အတွက် စီမံကိန်းများ၊ စီမံချက်များ ချမှတ် ဆောင်ရွက်နေသည် ဆိုသော်ငြား လက်တွေ့ကျသော ကူညီပံ့ပိုးမှုများ မရရှိသေးခြင်းမှာ များစွာ မေးခွန်းထုတ်စရာ ရှိသည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုး လုပ်ကိုင်သူများ အသင်းနှင့် ဂျပန်ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းကာ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများကို ငါးနှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ခြင်းကို များစွာ ကြိုဆိုသည်။ ခေတ်အဆက်ဆက် နိုင်ငံတော်အပေါ် အခွန်ပုံမှန် အထမ်းဆောင်ဆုံး၊ အခွင့်အရေး အနည်းဆုံး၊ အဆင်းရဲဆုံး၊ အဖိအနှိပ် အခံရဆုံး တောင်သူလယ်သမားများ အပေါ် ၎င်းတို့ မဖြစ်မနေ အသုံးပြုရမည့် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ ဤသို့ နှစ်ရှည် အရစ်ကျဖြင့် ရောင်းချပေးခြင်းမှာ လက်တွေ့ကျသော ကူညီပံ့ပိုးမှု ဖြစ်သည်။ ထို့အပြင် စက်ကိရိယာ ပစ္စည်းများ ကျွမ်းကျင်စွာ အသုံးပြုတတ် စေရန်နှင့် ချို့ယွင်းမှု ရှိပါက ပြင်ဆင်ပေးနိုင်ရန် ကဲ့သို့ နောက်ဆက်တွဲ အခြေအနေများ ကိုပါ စဉ်းစားထားရန် လိုပေမည်။ စီးပွားရေး အခွင့်အလမ်းများကို လူနည်းစုကသာ ချုပ်ကိုင်ထားသည့် အခြေအနေတွင် ကာလကြာရှည် ဖြတ်သန်း လာခဲ့သောကြောင့် ပြည်သူလူထု အများစုမှာ ကံ၊ ဉာဏ်၊ ဝီရိယ ရှိသလောက် ကြီးပွား တိုးတက်ခွင့် မရခဲ့ပေ။ အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခွင့်အလမ်းများလည်း အကန့်အသတ်ဖြင့် ရှိခဲ့သောကြောင့် တောင်သူလယ်သမားများ အသိပညာ၊ အတတ်ပညာ ချို့တဲ့ကာ ဆင်းရဲတွင်း နက်ခဲ့သည်။ ထိုသို့သော အခြေခံ ပြည်သူလူထု ရင်ဆိုင်နေရသည့် အခက်အခဲ၊ ပြဿနာများစွာကို လယ်တစ်ဧက စိုက်ပျိုးစရိတ်မျှပင် မရှိသည့် ချေးငွေ ထုတ်ပေးခြင်းဖြင့် ရေရှည် မဆိုထားနှင့် လတ်တလောပင် ပြေလည်မှု မရနိုင်ပေ။ ကမ္ဘာ့လူဦးရေ တိုးပွားမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ် များကြောင့် အနာဂတ်ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ အခက်အခဲနှင့် ကြုံတွေ့ရဖွယ်ရှိရာ မြန်မာကဲ့သို့ စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်သော နိုင်ငံများ မကြာမီ များစွာ စန်းပွင့်လာတော့မည် ဖြစ်သည်။ ထိုအခွင့်အလမ်း ကောင်းကို ရယူနိုင်ရန်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်သော အစိုးရ၏ မူဝါဒများ၊ စီမံကိန်းများ၊ တောင်သူလယ်သမားများ အပေါ် ထားရှိသည့် စစ်မှန်သော စေတနာနှင့် လက်တွေ့ကျသော အကူအညီများက အထူး အရေးကြီးလှကြောင်း ပြောလိုရင်း ဖြစ်သည်။
Show commentsOpen link

posted from Bloggeroid

No comments:

Post a Comment