ဇန်န၀ါရီလလယ်တွင် MPT ဖုန်းဘီလ် လျှော့မည်ဖြစ်ပြီး ၂၅ ကျပ်နှင့် ၅၀ ကြားဖြစ်မည်OppositeyesToday, 11:00 AMရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က တစ်မိနစ်ဖုန်းပြောဆိုခ လျှော့ချနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ဇန်နဝါရီလလယ်ပိုင်းတွင် ဖုန်းပြောဆိုခတရားဝင်ကြေညာကာ လျှော့ချသွားမည်ဟုစီးပွားရေးဌာနမှ တာဝန်ရှိ သူတစ်ဦး ဦးစောထူးသာက မဇ္ဈိမကို ပြောသည်။ ဦးစောထူးသာက "ဇန်နဝါရီလထဲမှာပဲ လျှော့ချပေးဖို့ စီစဉ်နေပါတယ်။ လလယ်ပိုင်းလောက်ဖြစ်ပါမယ်။ ပြည်သူလူထုအတွက် သက်သာတဲ့ နှုန်းထားနဲ့ ၀န်ဆောင်မှု ဖြစ်အောင် ဆောင်ရွက်နေပါတယ်" ဟု ဆိုသည်။ တစ်မိနစ်ဖုန်းပြောဆိုခ စတင်လျှော့ချမည့် ရက်နှင့် နှုန်းထားများကို တရားဝင်ကြေညာသွားမည်ဟု လည်း ၎င်းက ဆိုသည်။ ဦးစောထူးသာက "ဘယ်ရက်ဖြစ်မယ်ဆိုတာကို တရားဝင်ကြေညာသွားပါမယ်။ တစ်မိနစ် ဖုန်းပြောဆိုခနှုန်းထားက ကျပ် ၅၀ တော့ မဟုတ်တော့ပါဘူး။ ၂၅ ကျပ်လည်း မဟုတ်ပါဘူး။ အဲ့ဒီကြားက နှုန်းတစ်ခုကို သတ်မှတ်သွားမှာပါ" ဟု ဆိုသည်။ တစ်မိနစ် ဖုန်းပြောဆိုခအတွက် တယ်လီနောနှင့် အူရီးဒူးတို့က ၂၅ကျပ် နှုန်းကောက်ခံနေပြီးမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တစ်မိနစ် ကျပ် ၅၀ နှုန်း ကောက်ခံနေသည့်အတွက်ဝေဖန်မှုများရှိနေခဲ့သည်။ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးက "MPT က အချိန်တွေအများကြီး ဝန်ဆောင်မှုပေးခဲ့ပြီးသား။ ပြောရရင် ထပ်ပြီး ရင်းနှီးဖို့မှာ အခြား အော်ပရေတာတွေနဲ့ ယှဉ်ရင် ပိုနည်းတယ်။ အခုမှ တာဝါတိုင်ထောင်ပြီး လုပ်တဲ့ ကုမ္ပဏီတွေတောင် တစ်မိနစ် ၂၅ ကျပ် နဲ့ ပေးနိုင်တယ်။ ဘာလို့ အခုထိ ၅၀ ကျပ် ကောက်ခံနေလဲ စဉ်းစားမရဘူး" ဟု ၎င်း၏ အမြင်ကို ပြောသည်။ လက်ရှိအချိန်တွင် ပြည်ပအော်ပရေတာများဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့က တစ်နိုင်ငံလုံး ကွန်ရက်ဖြန့် ကျက်နိုင်ရန် တာဝါတိုင်များ တည်ဆောက်နေဆဲဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က မူ ကွန်ရက်ဖြန့်ကျက်နိုင်မှုတွင် အားသာချက်ရှိနေသည်။ ပြည်တွင်းတွင် ဝန်ဆောင်မှုပေးနေသည့် တယ်လီနောနှင့် အူရီးဒူးတို့၏ ဆင်းမ်ကတ်များတွင် အင်တာနက်စတင်အသုံးပြုရန်အတွက် လျှောက်ထားရန် မလိုဘဲ အခမဲ့ပေးလျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ကလည်း ၎င်းတို့၏ ဆင်းမ်ကတ်များတွင် အင်တာနက် အခမဲ့ တပါတည်း ထည့်သွင်းပေးရန် စီစဉ်နေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက မဇ္ဈိမကို ပြောထားသည်။ ဇန်နဝါရီလလယ်ပိုင်းတွင် ကြေညာမည့် မြန်မာ့ဆက်သွယ်ရေး၏ ဝန်ဆောင်ခလျှော့ချမည့် အစီအစဉ်တွင် အင်တာနက်အသုံးပြုမှုပုံစံနှင့် အင်တာနက်စတင်အသုံးပြုရန် အတွက် အခမဲ့ပေးမည့်အစီအစဉ်များ ပါဝင်မည် ဟုလည်း ဦးစောထူးသာက မဇ္ဈိမကို ပြောသည်။ Written by မောင်မန်း CommentsVisit website
No comments:
Post a Comment