Tuesday, February 4, 2014
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား
RFA
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာဟာ နိုင်ငံအတွက်အရေးကြီးလို့ ဖြစ်ကြောင်းနဲ့ တခြားပါတီတွေကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေမလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို လာရောက်လေ့လာတဲ့ နေပြည်တော် ဇဗ္မူသီရိမြို့နယ်နဲ့ ပဲခူးတိုင်း သနပ်ပင်မြို့နယ်တို့က NLD ပါတီဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပြောလိုက်တာပါ။ “ကျမတို့ရဲ့မူအရပေါ့နော် တခြားပါတီတွေကို တိုက်ခိုက်တာတို့၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာကို ဘယ်တော့မှမလုပ်ဘူး၊ နိုင်ငံရေးအလုပ်လုပ်တယ်ဆိုတာ မူအရလုပ်ရတာ ပုဂ္ဂိုလ်ရေးတွေ၊ ပါတီစွဲတွေ အဲဒါမျိုးတွေ ဆွဲထည့်လို့ရှိရင် အောက်တန်းကျတဲ့ နိုင်ငံရေးဖြစ်သွားမယ်၊ အဲဒါမျိုးကိုတော့ မလုပ်ကြဖို့၊ ကိုယ့်အချင်းချင်းကတော့ ညီညီညွှတ်ညွှတ်ဖြစ်ရမယ်၊ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ဆိုတာဟာ ကျမတို့ပါတီအတွက် မဟုတ်ဘူး၊ နိုင်ငံအတွက် အရေးကြီးလို့ ဒါပြုပြင်ပြောင်းလဲတာ” လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းခဲ့ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) နဲ့ အရေးကြီးတဲ့ပုဒ်မတွေ မပြင်ဖို့ လူပေါင်း တစ်သိန်း ခြောက်ထောင်ကျော်က လက်မှတ်ရေးထိုး တင်ပြထားကြောင်း ပါရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအနေနဲ့ မိမိတို့ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်က ပြည်သူတွေရဲ့ သဘောထားအတိုင်း ရပ်တည်ပြဖို့ လိုအပ်ကြောင်းကိုလည်း သတင်းထောက်တွေက ဒီနေ့ မေးမြန်းရာမှာ ပြောခဲ့ပါတယ်။
ရဲရင့်ငယ်(ကနေဒါ) ... 2/04/2014
No comments:
Post a Comment
‹
›
Home
View web version
Powered by Blogger

posted from Bloggeroid
No comments:
Post a Comment